International News

အိန္ဒိယအစိုးရအနေဖြင့် ကုန်စည်လက်ကျန်ကန့်သတ်ချက်များ ပြုလုပ်လျက်ရှိသော်လည်း ဂျုံ၊ ပဲစင်းငုံ နှင့်မတ်ပဲဈေးနှုန်းများ ဆက်လက်မြင့်တက်လျက်ရှိ

Last Updated:

အိန္ဒိယနိုင်ငံတွင် ဂျုံနှင့်ပဲမျိုးစုံကို ကုန်သည်များ၏ လက်ဝယ်ကိုင်ထိန်းမထားစေရန် အစိုးရအနေဖြင့် ကုန်စည်လက်ကျန်ကန့်သတ်ချက်များ ပြုလုပ်လျက်ရှိသော်လည်း ဂျုံ၊ ပဲစင်းငုံနှင့် မတ်ပဲဈေးနှုန်းများ ဆက်လက်မြင့်တက်လျက်ရှိသည်။ အဓိကအကြောင်းအရင်းမှာ မုတ်သုန်မိုးအားနည်းသည့်အတွက် စားသောက်ကုန်ဈေးဖေါင်းပွမှုဖြစ်ပေါ်လာနိုင်သည့်အပေါ် စိုးရိမ်မကင်းဖြစ်နေကြကြောင်း သိရသည်။

ဂျုံဈေးနှုန်းမှာ ၁၀၀ ကီလိုဂရမ်လျှင် ရူပီးငွေ ၂၃၅၈ နှင့်၂၄၉၀ ကြားရှိခဲ့ရာမှ ရူပီးငွေ ၂၄၀၀ မှ ၂၄၇၅ အထိမြင့်တက်ခဲ့ပြီး၊ ပဲစင်းငုံဈေးနှုန်းမှာ အချို့ပြည်နယ်များတွင် အနည်းသာတက်သော်လည်း မတ်ပဲဈေးနှုန်းမှာမူ ၁၀၀ ကီလိုဂရမ်လျှင် ရူပီးငွေ ၇၆၀၀ မှ ၈၅၅၀ အကြား မြင့်တက်ခဲ့ကြောင်း သိရ သည်။

ယင်းသို့ပဲဈေးနှုန်းများမြင့်တက်လာမှုကို ထိန်းချုပ်နိုင်ရန်အတွက် အိန္ဒိယအစိုးရသည် ပဲစင်းငုံ နှင့်မတ်ပဲကုန်စည်လက်ကျန်ကန့်သတ်ချက်ကို ယခုနှစ် ဇွန်လဆန်းတွင် ထုတ်ပြန်ခဲ့ပြီးနောက် ဂျုံ ကုန်စည်လက်ကျန်ကန့်သတ်ချက်ကို တစ်လအတွင်း ထပ်မံထုတ်ပြန်ခဲ့သည်။ အစဦးပိုင်း၌ အဆိုပါ ကုန်စည်ဈေးနှုန်းများ ကျဆင်းခဲ့သော်လည်း ပဲဈေးကွက်တွင် ထုတ်လုပ်မှုလျော့ကျမှုကြောင့် ဈေးနှုန်းများပြန်လည် မြင့်တက်သွားခဲ့ခြင်းဖြစ်သည်။ အစိုးရအနေဖြင့် ထိရောက်သောအစီအမံများ ချမှတ်ဆောင်ရွက်နိုင်ခြင်းရှိမရှိနှင့် ရာသီဥတုအခြေအနေမျက်နှာသာပေးမှုတို့အပေါ်မူတည်၍ ဂျုံ၊ ပဲတီးစိမ်းနှင့် မတ်ပဲဈေးနှုန်းများဆက်လက်မြင့်တက်ဖွယ်ရှိသည်ဟု ကျွမ်းကျင်သူတို့က သုံးသပ်သည်။

နှံစားသီးနှံနှင့်ပဲမျိုးစုံဈေးဖေါင်းပွမှုနှုန်းမှာ ၁၂ ဒဿမ ၇ ရာခိုင်နှုန်းနှင့် ၆ ဒဿမ ၆ ရာခိုင်နှုန်းအသီးသီးရှိပြီး ထပ်မံမြင့်တက်လာဖွယ်ရှိကြောင်း စီးပွားရေးပညာရှင်များက ခန့်မှန်းထားသည်။ အိန္ဒိယနိုင်ငံ၏ အစေ့အနှံစားသောက်ကုန်ဈေးကွက်၏ ၃၄ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည့် မိုးရာသီထွက် ပဲစင်းငုံ၊ ပဲတီစိမ်းနှင့် မတ်ပဲသုံးမျိုးနှင့် နွေသီးနှံဖြစ်သော ဂျုံတို့၏ဈေးနှုန်းများသည် အတက်ဖက်သို့ ဦးတည်ရွေ့လျားလျက်ရှိကြောင်း သိရသည်။

မိုးရေရရှိမှုနည်းပါးသည့်အတွက် ပဲစင်းငုံနှင့် မတ်ပဲစိုက်ပျိုးမှုနောက်ကျပြီး မိုးသီးနှံဈေးနှုန်းများကို တက်စေကြောင်း၊ ထို့အပြင် ၂၀၂၂-၂၀၂၃ ခုနှစ် သီးနှံနှစ်အတွင်း ပဲထုတ်လုပ်မှုလျော့ကျခဲ့ခြင်းကလည်း အခြေအနေကို ပိုမိုဆိုးရွားစေခဲ့ကြောင်းနှင့် ယခုနှစ်တွင် ယခင်နှစ်ကထက် ဂျုံအထွက် ပိုမိုကောင်းမွန် သဖြင့် ဈေးနှုန်းများတည်ငြိမ်ဖွယ်ရှိမည်ဟု ခန့်မှန်းခဲ့သော်လည်း လက်တွေ့တွင် မျှော်လင့်သလို ဖြစ်မလာခဲ့ဟု ဈေးကွက်ကျွမ်းကျင်သူတို့က သုံးသပ်သည်။

အဆိုပါအခြေအနေကို ထိန်းသိမ်းနိုင်ရန် အစိုးရအနေဖြင့် ဂျုံတင်သွင်းမှုအပေါ် ၄၀ ရာခိုင်နှုန်း သွင်းကုန်ခွန်စည်းကြပ်မှုကို လျှော့ချရန်နှင့် ပင်လယ်နက်ဖက်မှ ဂျုံ တန်ချိန် ၃ သန်း သို့မဟုတ် ၄ သန်းကို သီးသန့်ကုန်သွယ်မှုမှတစ်ဆင့် တင်သွင်းနိုင်ရန် ကူညီဆောင်ရွက်ပေးခြင်းမျိုး အစိုးရ၏မူဝါဒများကို ပြောင်းလဲသင့်သည်ဟု ကျွမ်းကျင်သူတို့က အကြံပြုကြသည်။

ပဲစင်းငုံအဓိကစိုက်ပျိုးသော ဒေသများဖြစ်ကြသည့် ကာနာတက်ကာ (Karnataka) နှင့် မဟာရှထရာ (Maharashtra) ပြည်နယ်တို့၌ ရာသီ ဥတုအခြေအနေမကောင်းသဖြင့် ပဲစိုက်ပျိုးမှုနောက်ကျသည့်အတွက် ပဲစင်းငုံနှင့်မတ်ပဲထုတ်လုပ်မှုအပေါ် ထိခိုက်စေခဲ့သည်။ သို့သော် ဇွန်လ ၂၄ ရက်နှင့် ၂၅ ရက်မှစ၍ မိုးစတင်ရွာသွန်းလာဖွယ်ရှိပြီး ပဲစိုက်ပျိုးမှုလည်း စတင်လာနိုင်မည်ဟု ခန့်မှန်းထားသည်။ အဆိုပါပဲစင်းငုံနှင့် မတ်ပဲတို့သည် အိန္ဒိယနိုင်ငံပဲဈေးကွက်၏ သုံးပုံနှစ်ပုံခန့်ကို ရယူပိုင်ဆိုင်ထားကြောင်း သိရသည်။

ရည်ညွှန်း။ Stock limits fail to curb prices of wheat, pulses | Mint

(ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး၊ ‌ကော်လ်ကတ္တားမြို့)

 

 

Category: International News